မိုးပေါ်က အပ်တစင်းနှင့် မြေကြီးပေါ်က အပ်တစင်း ဆုံမိဖို့ ကလွယ်သေး တယ်။ လူ့ ဘ၀ရဖို့ ဆိုတာက ပိုခက်ခဲတယ်။ ရခဲလှတဲ့လူဘ၀ကို ရထားပြီးတဲ့ မိမိတို့ အနေ နှင့် တန်ဖိုးရှိတဲ့ လူဖြစ်ဖို့ အရေးကြီးတယ်။
မိမိကိုယ်ကို တန်ဖိုးရှိဖို့အတွက် စိတ်ထားကောင်းလေး မွေးမြူရမယ်။ မြင့် မြတ်တဲ့စိတ်ထားရှိဖို့ လိုအပ်သလို လမ်းမှန်ကို လျှောက်တတ်ဖို့ အသိအလိမ္မာ၊ ဥာဏ်ပညာ နှင့် ပြည့်စုံဖို့ ရွေးခြယ်တတ်ဖို့ ကလဲ အရေးကြီးပါတယ်။
တောင်ကြီးကနေ ရန်ကုန်သွားချင်တဲ့သူအနေနှင့် ကားလက်မှတ်ဖြတ်ထား တယ်ဆိုရင် ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး အစရှိတဲ့ မြို့ ကြီး၊ မြို့ ငယ်များကို မရောက်ချင်လို့ မရပါဘူး။ ထိုမြို့ တွေမှာ ဆင်းချင်တယ်ဆိုရင်လဲ သီးသန့် လက်မှတ်ထပ်ဖြစ်စရာမလိုဘဲ ဆင်းလိုတဲ့ မြို့ မှာဆင်းနိုင်ပါတယ်။
ဒီလိုပါဘဲ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာကို ဦးတည်ပြီး ဆောင်ရွက်သမျှ ကာယကံကုသိုလ်၊ ၀ဇီကံကုသိုလ်၊ မနေကံကုသိုလ်တွေ ပြုနေမယ်ဆိုရင် ချမ်းသာ ကြွယ်ဝရပါလို၏၊ ရုပ်ရည်ချောမော လှပရပါလို၏၊ ရာထူးတိုးရပါလို၏၊ အန္တရယ်ကင်းရပါလို ၏ အစရှိသဖြင့် မိမိရဲ့ ဆန္ဒတွေကို အထူးတောင်တ နေစရာမလိုဘဲ အရာရာ ပြီးပြည့်စုံနိုင်ပါ တယ်။
လှူတမ်းပေးကမ်း စွန့်ကျဲတဲ့ အခါမှာလဲ တဖက်သားချမ်းသာဖို့ အဆင်ပြေဖို့ စိတ်မှာ ရည်သန်ပြီးတော့ ပြုမယ်ဆိုရင် အကျိုးများလှပါတယ်။ ထင်ပေါ်ကျော်ကြားလိုတဲ့ အတွက် ပြုတဲ့ ဒါနမျိုး၊ ပကာသနဖက်တဲ့ ကုသိုလ်မျိုး၊ ကိုယ့်အတွက် အကျိုး ပြန်မျှော်ကိုးပြီးတော့ ပြုလုပ်တဲ့ဒါနမျိုးကျတော့ ကုသိုလ်တော့ ရပါတယ်။ ဒါပေမဲ့ ပါရမှီတော့ မမြောက်ဘူးလို့ ပြောရမယ်။
တောင်မြို့ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒထဲမှာ ဖတ်ဖူးတယ်။ ကိုယ်မသုံးတော့တဲ့ အ၀တ်အစားအဟောင်းပင်ဖြစ်ပါစေ သန့်ရှင်းအောင်လျှော်ဖွတ်ပြီး၊ မရှိဆင်းရဲသားများကို ပေးကမ်းလျှင် တဖက်လူအတွက် အသုံးဝင်တာကြောင့် အကျိုးရှိ တယ်လို့ မိန့် ပါတယ်။ ဒီလိုပါဘဲ သွားရင်းလာရင်း ကားပေါ်မှာ ဖြစ်စေ ၊ ရထားပေါ်မှာ ဖြစ်စေ ကိုယ်ကနေရာ ရထားတယ်၊ သက်ကြီးရွယ်အိုဖြစ်စေ၊ ကိုယ်ဝန်ဆောင် မိခင်ဖြစ်စေ၊ ၀န်စည် စလည် မနိုင်မနင်းဖြစ်နေသူကို ဖြစ်စေ ကိုယ့်နေရာလေး ဝေမျှပေးမယ်ဆိုရင်၊ အပန်းလဲ မကြီးဘူး။ သူတပါးအတွက်လဲ သက်တောင့်သက်သာဖြစ်လို့ ငွေမကုန်ဘဲ ကာယကံ ကုသိုလ်တွေ တိုးပါတယ်။
ဒီလိုပါဘဲ သွားရင်း၊ လာရင်း လမ်းမသိသူကို လမ်းညွန်ပေးမယ်ဆိုရင် ၀ဇီကံကုသိုလ်ဖြစ်သွားနိုင်တယ်။ သူတပါးအပေါ်မှာ ကိုယ်ချင်းစာတဲ့စိတ် ထားမယ်ဆိုရင် ကိုယ့်စိတ်ထားကမွန်မြတ်နေမယ်။ ကိုယ်လဲချမ်းသာ သူတပါးလဲ ချမ်းသာစေတဲ့ နေနည်းကို ရွေးခြယ်တတ်ဖို့ အရေးကြီးပါတယ်။
ဒေါ်ခင်နွဲ့ ရီ (တောင်ကြီး)