Thursday, September 24, 2009

ချမ်းသာရေး

လူတိုင်းမှာ ချမ်းသာချင်တဲ့ ရည်ရွှယ်ချက်နှင့် မေတ္တာတွေပို့ကြတယ်၊ နုသာတိ တွေ ပွါးများကြတယ်၊ သမထဘာဝနာ ၊ ၀ိပသာနာဘာဝနာတွေ ပွါးများအားထုတ်ကြတယ်။ အထူးသဖြင့်တော့ စိတ်ချမ်းသာဖို့ပါဘဲ။ စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်လဲ အလိုလိုချမ်းသာ လာပါတယ်။
ဘာကြောင့်လူတွေ မချမ်းသာကြတာလဲလို့ ဆန်းစစ်ကြည့်လိုက်ရင် လိုချင် တတ်မက်တဲ့လောဘစိတ်၊ စိတ်ဆိုး စိတ်ပျက်တဲ့ ဒေါသစိတ်၊ မောက်မာထောင်လွှားတဲ့ မာနစိတ်၊ နမျှောတွန့်တိုတဲ့ မိစ္ဆရိယစိတ်၊ အသိအမြင်တွေလွဲမှားနေတဲ့ အတွက်ကြောင့် ဆင်းရဲကြရတယ်။
လူတွေဟာ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးလိုက် မဖြစ်သေးတဲ့ အနာဂါတ်အတွက် ကြိုတွေးပြီးတော့ စိုရိမ်မှု သောကတွေ ဖြစ်ပြီးတော့ စိတ်မချမ်းသာဖြစ် ကြတာများတယ်။ ဒီအတွေး တွေးမိရင် လောဘတွေ ပိုကြီးလာတယ်၊ ဒေါသတွေ သောက တွေပို ကြီးလာမယ်ဆိုရင် ဒီလိုအတွေးမျိုးတွေ မတွေးမိဖို့ ကြိုးစားသင့်တယ်။ မင်္ဂလာရှိတဲ့ အတွေးမျိုးကိုဘဲ တွေးသင့်တယ်။ ဒါမှချမ်းသာနိုင်မယ်။
စိတ်ဆိုတာ ကိုယ်ထားတဲ့နေရာမှာ မနေတာများတယ်၊ ဟိုတွေးလိုက် ဒီတွေး လိုက်နှင့် ငြိမ်ငြိမ်ကို မနေချင်ဘူး။ တခါတရံ ပြုသင့်တဲ့ ကိစ္စကို မပြုမိခဲ့လို့သော်လည်ကောင်း မပြုသင့်တာကို ပြုခဲ့မိလို့ဖြစ်စေ နောင်တတွေရပြီးတော့လဲ စိတ်ရောက်ရက်ခတ်ပြီးတော့ မငြိမ်မသက်ဖြစ်တတ်တယ်။
အကုသိုလ်ဖြစ်မဲ့ အပြုအမူ အပြောအဆိုမျိုးကို ရှောင်ကျဉ်မယ်ဆိုရင်လဲ ချမ်းသာတယ်။ မိမိ သူတပါး ထိခိုက်နစ်နာမဲ့ အလုပ်မျိုးကို ရှောင်မယ် အပစ်မကင်းတဲ့ အပြောအဆိုတွေကို ရှောင်မယ်ဆိုရင် တလောကလုံးချမ်းသာနိုင်တယ်။

Thursday, September 17, 2009

မေတ္တာစွမ်းအား

လူတိုင်းဟာချမ်းသာချင်ကြတယ်၊ ဒါပေမဲ့ များသောအားဖြင့် ဒုက္ခတွေနှင့် ပြည့်နေကြတယ်။ ပဋိသန္ဓေ နေရတဲ့ဒုက္ခကိုတော့ မှန်းဆပြီးမှဘဲသိနိုင်တယ်။ အိုဒုက္ခ၊ နာဒုက္ခ၊ သေဒုက္ခတွေအပြင် ချစ်တဲ့သူနှင့်အတူမနေရတဲ့ဒုက္ခ၊ မချစ်ခင် မနှစ်သက်သူတွေနှင့် ပေါင်းသင်းဆက်ဆံရတဲ့ ဒုက္ခ၊ အခြံအရံနည်းတဲ့ ဒုက္ခ၊ ရှိဒုက္ခ၊ မရှိတဲ့ဒုက္ခ၊ ဆာလောင်တဲ့ ဒုက္ခ၊ အစားများသွားလို့ ခံစားရတဲ့ ၀ဒုက္ခလဲရှိသေးတယ်။

ဒုက္ခတွေကြားထဲမှာ နေကြရတဲ့အခါမှာ အချင်းချင်း မေတ္တာလေးနှင့် ဆက်ဆံ နိုင်မှ နည်းနည်းချမ်းသာမယ်။ မာန်မာနတွေထားမယ်၊ ပြိုင်မယ်ဆိုင်မယ် မနာလိုစိတ်ဓါတ်တွေ ရှိကြမယ်ဆိုရင်တော့ မချမ်းသာနိုင်ဘူး။ တဦးနှင့် တဦးချစ်ချစ်ခင် ရှိသင့်တယ်။

ချစ်တယ်ဆိုပေမဲ့ အချစ်တတ်ဖို့လဲ လိုသေးတယ်။ ချစ်တဲ့နေရာမှာ တရား လေးနှင့်တွဲပြီး ချစ်တတ်ရင်တော့ ငြိမ်းချမ်းတယ်တဲ့။ ကိုယ့်သားသမီးကို ချစ်ရင်လဲ တရားလေး နှင့် ချစ်တတ်ဖို့လိုအပ်တယ်။ သားသမီးတွေနှင့် ပတ်သက်ပြီးတော့ ကိုယ့်မှာ ကုသိုလ်တွေ တိုးနေစေရမယ်ပေါ့။ ဘယ်သူ့ကိုဘဲ ချစ်ချစ် ခင်ခင် တရားလေးနှင့် တွဲပြီးတော့ ချစ်တတ်ရင် ကုသိုလ်ဖြစ်စေတယ်။

ဆရာတော်က ဥပမာပေးကောင်းလိုက်တာ ကြောင်လေးကို ချစ်တာတောင်မှ ချစ်တတ်မှတဲ့ ချစ်တယ်ဆိုပြီးတော့ သူအိပ်နေတုံးမှာ သွားကောက်ချီရင်တော့ စိတ်ဆိုးပြီး တော့ လက်သဲနှင့် ပြန်အကုတ်ခြစ်ခံရလိမ့်မယ်တဲ့။ ယပင့်နှင့် မချစ်တတ်ရင် ယရစ်နှင့် အချစ်ခံရတတ်တယ်ပေါ့။

ဒူးရင်းသီး ဆူးတွေနှင့် အနံ့ကမွှေးကြိုင်နေတော့ စားချင်ဇောနှင့် လက်သီးနှင့် ထိုးခွဲရင် ကိုယ့်လက်ဘဲနာလိမ့်မယ်။ ဓါးမ နှင့် သေချာခွဲမှ ရသလိုဘဲ လူ့ဒုက္ခကိုလဲဘဲ တရားဓမ္မနှင့် တွဲပြီးတော့ ခွဲတတ်ရမယ်။

မေတ္တာတရားကတော့ ကိုယ့်အတွက်တင်မကဘူး သူတပါးအတွက်ပါ ထည့် တွက်တယ်။ လောကမှာ စီးပွါးရှာတာတောင်မှ မေတ္တာလေးဖက်တော့ နှစ်ဦးနှစ်ဖက် ချမ်းသာ တယ်။ ပစ္စည်းရောင်းဝယ်တဲ့နေရာမှာ ကိုယ်ကျိုးဘဲ ကြည်မယ် သူတပါးအတွက် မစဉ်းစားဘူး ဆိုရင် ဆေးလဲ အတုရောင်းတာဘဲ၊ ပျားရည်လဲ အတု၊ သင်္ကန်းတောင်မှ အတုရောင်းရဲကြ တယ်။ ခုခေတ်များ ဆေးပြားတွေ အရောင်းအ၀ယ် လုပ်လိုက်ကြတာ ရည်ရှည် လူငယ်တွေ အညွန့်တုံးမှာကို လုံးဝ ထည့်မစဉ်းစားကြတော့ဘူး။

ဥာဏ်ရှိသူများကျတော့ မေတ္တာဦးစီးပြီးလုပ်ကြတယ် ၊ ရုံးအလုပ်ဘဲဖြစ်စေ ငါနှင့်ပတ်သက်တဲ့သူမှန်သမျှ ချမ်းသာကြပါစေဆိုတဲ့ စေတနာပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဖက် ချမ်းးသာတာပေါ့။

အားလုံး အပေါ်မေတ္တာထားနိုင်ပါစေ။